ပြည်သူလိုချင်တဲ့ ခေါင်းဆောင်…
မြန်မာပြည်အရေးကို လေ့လာမယ်ဆိုရင် နအဖစစ်အစိုးရရော၊ အတိုက်အခံပါတီတွေရော၊ ကျန်တဲ့ ပြည်သူတွေကိုပါ ထည့်သွင်းစဉ်းစားကြည့်စေချင်ပါတယ်။ နအဖစစ်အစိုးရအနေနဲ့ တိုင်းပြည်ကို အုပ်ချုပ်လာ တာ နှစ်ပေါင်း ၂၀ ကျော်လာပါပြီ။ ဒါပေမဲ့ အခုအချိန်ထိ ဒါကို လက်လွှတ်ခဲ့ခြင်းမရှိသေးဘဲ ၂၀၁၀ မှာ ပြန်ပြီး ရွေးကောက်ပွဲလုပ်မယ်ဆိုပြီး ကြေညာထားပါတယ်။ ဒီမိုကရေစီနိုင်ငံတော်ကို တည်ထောင်နိုင်ဖို့အတွက်ဆိုပြီး Road Map ခုနစ်ချက်ကို ချမှတ်ပြီး အခုအခါမှာတော့ အဆင့်လေးဖြစ်တဲ့ အခြေခံဥပဒေ ပြဌာန်းခြင်းကို လုပ်ကိုင်ပြီးပါပြီ။
အခုလုပ်ကိုင်နေတဲ့ Road Map ကို အတိုက်အခံပါတီတွေဘက်က ထောက်ခံခြင်းမရှိကြသလို ပြည်သူ တွေအနေနဲ့ကလည်း ဒီအခြေခံဥပဒေမှာ ပြဌာန်းထားတဲ့ တိုင်းသူပြည်သားတိုင်း သိရှိသင့်၊ သိရှိအပ်တဲ့ ဥပဒေ တွေကို သိနားလည်ကြခြင်း မရှိပါဘူး။ မီဒီယာလုပ်ငန်းလုပ်ကိုင်နေကြတဲ့ သူတွေလောက်သာ အခြေခံဥပဒေကို ဖတ်ရှုလေ့လာမှု ပိုများတာကိုလည်း တွေ့ရတယ်။ တကယ်ဆိုရင် အခြေခံဥပဒေထုတ်ပြန်ပြီဆိုတာနဲ့ တိုင်းသူ ပြည်သားတွေကို ဘယ်လိုမျိုးဟာတွေကိုတော့ဖြင့် ပြငှားန်းထားပါတယ်။ ဘယ်လိုဟာတွေကိုဖြင့် ဖြည့်စွက်ထား ပါတယ်ဆိုပြီး ရှင်းရှင်းလင်းလင်း ထုတ်ပြန်ကြေညာရမယ့်အပိုင်းကိုတော့ဖြင့် နအဖစစ်အစိုးရက ထုတ်ပြန်ကြေ ညာခဲ့ခြင်း မရှိဘဲ စာအုပ်အနည်းငယ်သာကိုသာ ရိုက်နှိပ်ခဲ့ပြီး အလကားဖြန့်ဝေပေးရမယ့် အခြေခံဥပဒေစာအုပ် ကို စိတ်ပါဝင်စားသူတွေအချို့သာ ရည်ရွယ်ပြီး ရောင်းစားခဲ့တယ်။
ဒါဟာ တိုင်းပြည်တစ်ခုကို အုပ်ချုပ် မင်းလုပ်နေတဲ့ အစိုးရတစ်ရပ်အနေနဲ့ မလုပ်သင့် မလုပ်အပ်တဲ့ လုပ် ရပ်တစ်ခုပါ။ ဒါကတော့ ထားတော့။
နောက်တခုအနေနဲ့က အတိုက်အခံပါတီတွေဖြစ်ပါတယ်။ အတိုက်အခံပါတီဆိုတဲ့နေရာမှာလည်း ပြည် တွင်းက အတိုက်အခံရော၊ ပြည်ပက အတိုက်အခံတွေပါ ပါတယ်။ အတိုက်အခံပါတီတွေအနေနဲ့ကလည်း သူတို့ လုပ်သင့်လုပ်အပ်တဲ့ အလုပ်တွေအားလုံးကို လုပ်ကိုင်နေကြပေမယ့် တကယ်အရေးကြီးတာကိုတော့ လုပ်ကိုင် နိုင်ခြင်း မရှိပါဘူး။ ဒါကလည်း ပြောမယ်ဆိုရင် နအဖစစ်အစိုးရရဲ့ ဖိနှိပ်မှုအောက်မှာ မလွတ်မလပ်လုပ်နေရတာ ကြောင့်လည်း ဖြစ်ပါတယ်။ ဒါပေမဲ့ အဲဒီ့ထဲမှာတော့ ပြည်ပရောက် အတိုက်အခံပါတီတွေကိုတော့ ထည့်မပြောပါ ဘူး။
ပြည်တွင်းမှာတော့ စစ်အစိုးရရဲ့ တိုင်းပြည်ကို ဖျက်လို့ဖျက်ဆီးလုပ်တယ်ဆိုပြီး အသံကောင်းဟစ်ပြီး လိုက်လံဖမ်းဆီးနေတာတွေ ပိုများလာတော့ ပြည်တွင်းအဖွဲ့အစည်းတွေအနေနဲ့ လွတ်လွတ်လပ်လပ် မလုပ် ကိုင်နိုင်ကြပါဘူး။ စစ်အစိုးရအနေနဲ့ကလည်း ဒီလိုမျိုးအကြောင်းပြချက်နဲ့ဖမ်းဆီးနေတာကလည်း ပြည်တွင်းမှာ အတိုက်အခံပါတီဝင်တွေ နည်းသထက် နည်းလာခြင်းကလည်း တကြောင်းပါ။
အဓိကအနေနဲ့ ပြောချင်တာက နအဖစစ်အစိုးရကိုလည်း အပြစ်တင်ခြင်းမရှိသလို တဖက်ကလည်း အတိုက်အခံပါတီတွေကို အားပေးချင်ပါသေးတယ်။ ဒါပေမဲ့ ဒီလိုသာ ဖမ်းလိုက်ဆီးလိုက်၊ အတိုက်အခံတွေ ဘက်ကလည်း ကြေညာချက်တွေ ထုတ်ပြန်လိုက်၊ ဆန္ဒပြလိုက်နဲ့ လုပ်နေကြမယ်ဆိုရင်တော့ဖြင့် ဘယ်လိုမှကို နှစ်ဦးနှစ်ဖက်လုံးက ပြောနေကြတဲ့ ဒီမိုကရေစီဆိုတာဟာ ရလာမှာမဟုတ်ပါဘူး။
ဒီလိုနှစ်ဖက်ကြားထဲမှာ တကယ်ဒုက္ခရောက်ရသူက ပြည်သူတွေပါ။ ပြည်သူတွေအနေနဲ့ စစ်အစိုးရရဲ့ လက်အောက်မှာ တနေ့စားဖို့အတွက် မနက်ကနေ ညအထိ နဖူးကချွေး ခြေမကျအောင် လုပ်ကိုင်မှသာ ၀မ်းဝ တယ်ဆိုရုံ စားသောက်နေရတာပါ။ ဒါပေမဲ့ နအဖစစ်အစိုးရနဲ့ ပလဲနံပသင့်ပြီး ကျိကျိတက်ချမ်းသာနေတဲ့ လူတွေ ကိုတော့ ထည့်မပြောလိုပါဘူး။ မြန်မာပြည်မှာ ငတ်မွတ်နေရတဲ့ပြည်သူတွေ အများကြီးပါ။ နိုင်ငံတကာက ကူညီ ပေမဲ့လဲ ငတ်မွတ်တဲ့နှုန်းကတော့ ကျဆင်းမလာသေးပါဘူး။ အခုဆိုရင် ချင်းတောင်တန်းက ငတ်မွတ်ခေါင်းပါး နေတဲ့ ပြည်သူတွေရဲ့ သတင်းကို အင်တာနက်စာမျက်နှာတွေပေါ်မှာ တွေ့နေရတယ်။
နအဖစစ်အစိုးရရဲ့ တိုင်းပြည်အတွက်၊ အတိုက်အခံပါတီတွေရဲ့ စစ်မှန်တဲ့ဒီမိုကရေစီကြားမှာ ငတ်မွတ် ရင်းတန်းလန်းက ဘယ်ဘက်လိုက်လို့ လိုက်ရမှန်းမသိ၊ ထမင်းငတ်တာကိုပဲ ရှာစားရတော့မလိုလိုနဲ့ ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိကြတဲ့ ပြည်သူတွေကတော့ တပုံတပင်ပါ။ ပြည်သူတွေ ငတ်မွတ်ခေါင်းပါးနေတာကို စာနာပြီး ပြည်သူတွေဘက်က ရပ်တည်ရင်း ဖြစ်ခဲ့တဲ့ စက်တင်ဘာ ရွှေဝါရောင်တော်လှန်ရေးဟာ ဦးဆုံးအနေနဲ့ ဘယ် နိုင်ငံရေးပါတီမှ ပါဝင်လာခြင်းမရှိပေမယ့် နောက်ပိုင်းကျတော့မှသာ ဒီမိုကရေစီလှုပ်ရှားသူတွေ ပါဝင်လာပြီး နအဖစစ်အစိုးရ သူလျှိုတွေရဲ့ လက်ချက်နဲ့ ဦးတည်ရာလမ်းကြောင်းလွဲသွားခဲ့တာပါ။ ဦးဆုံး သံဃာတော်တွေရဲ့ မေတ္တာပို့ အမျှဝေသံတွေ၊ လူအများရဲ့ သာဓုခေါ်သံတွေသာ လွှမ်းမိုးခဲ့တယ်။ ဒါဟာ ပြည်သူတွေ ဘယ်လောက် ထိ ဆင်းရဲဒုက္ခရောက်နေတယ်ဆိုတာကို သိရှိပြီး မေတ္တာစိတ်အပြည့်နဲ့ ပြည်သူ့ရှေ့ ရပ်ခဲ့ပေးတာပါ။ ဒါပေမဲ့လဲ အခုတော့ သံဃာတော်တွေသာ ထောင်ကျ၊ ပြည်သူတွေလဲ ဆက်ပြီး ဒုက္ခရောက်ရသလို အားလုံးသောလူတွေ လဲ စိတ်ထောင်းကိုယ်ကျေဘ၀တွေနဲ့ ဆက်လက်ရှင်သန်ရတုန်းပါပဲ။
ဒီမိုကရေစီဖြစ်ထွန်းရေးဆိုပြီး Road Map ဆွဲ လုပ်ကိုင်နေတဲ့ နအဖစစ်အစိုးရကော ဒီမိုကရေစီရရှိ ရေးဆိုပြီး တောင်းဆိုနေကြတဲ့ ဒီမိုကရေစီဘက်တော်သားတွေကိုပါကြည့်မယ်ဆိုရင် ခေါင်းဆောင်နိုင်မယ့်သူ မရှိတော့တာကို တွေ့ရတယ်။ ရည်ရွယ်ချက်ချင်း တူညီချင်မှ တူညီပေမယ့် ခေါင်းစဉ်ချင်းတူနေကြတဲ့ လူတွေ ဘယ်လိုများ သဘောတူစေ့စပ်နိုင်ကြရမယ်ဆိုတာက တကယ်ဆိုရင် သူတို့ကို ပေါင်းစည်းပေးနိုင်မယ့် လူတဦး လိုတာပါ။ အခုအချိန်မှာ ဒီမိုကရေစီခေါင်းဆောင်တဦးဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ အကျယ်ချုပ်ကျခံနေ ရပြီး သူ့ရဲ့လွတ်မြောက်ရေးကိုလည်း နိုင်ငံတကာက တောင်းဆိုနေကြပါတယ်။ သူသာ လွတ်လွတ်လပ်လပ်နဲ့ နေရပြီဆိုရင်တော့ တမျိုးတဖုံ ပြောင်းလဲကောင်း ပြောင်းလဲသွားမှာပါ။
သံဃာတော်တွေ သွေးမြေကျပြီး ပြည်သူအရေးအတွက် လုပ်ဆောင်ပေးခဲ့ပေမယ့် အခုထက်ထိကို မရနိုင်ခဲ့ဘူးဖြစ်နေတယ်။ ကျန်တဲ့လူတွေကလည်း လုပ်ဆောင်နေကြပေမယ့် မအောင်မြင်ရခြင်းလို့ ထင်တဲ့ အရာနှစ်ခုကို အဓိက မီးမောင်းထိုးပြချင်ပါတယ်။
တခုက ပြည်သူမပါဘဲနဲ့ နအဖစစ်အစိုးရဖြစ်ချင်တဲ့ ဒီမိုကရေစီထွန်းကားရေးနဲ့ အတိုက်အခံတွေလိုချင် တဲ့ ဒီမိုကရေစီဆိုတာ ဘယ်တော့မှ မရဘူးဆိုတာရယ်၊ နောက်တခုကတော့ တိုင်းသူပြည်သားတိုင်းရဲ့ ထောက် ခံမှုကို ရရှိနိုင်မယ့် ခေါင်းဆောင်တယောက် မွေးထုတ်ကြဖို့ပါပဲ။ ဥပမာ - ဗိုလ်ချုပ်အောင်ဆန်း။ ဗိုလ်ချုပ်အောင် ဆန်းဟာ တပ်မတော်ရဲ့ ခေါင်းကိုင်ဖခင်ကြီးဖြစ်သလို တတိုင်းပြည်လုံးကလည်း လေးစားရတဲ့ လွတ်လပ်ရေး ဖခင်ကြီးပါ။ တကွဲတပြားစီဖြစ်နေတဲ့ နယ်ခြားဒေသက တိုင်းရင်းသားတွေကိုပါ လွတ်လပ်ရေးကို အတူတကွပိုင် ဆိုင်အောင် ကြိုးပမ်းခဲ့တယ်။ ဗိုလ်ချုပ်ဟာ ဘယ်သို့သောသူတွေဖြစ်ဖြစ် တည်ငြိမ်စွာနဲ့ ဆက်ဆံခဲ့ပြီး တိုင်းသူ ပြည်သားအရေးတွက်သာ စဉ်းစားခဲ့တယ်။ ဒီလိုမျိုးခေါင်းဆောင်တယောက် ပေါ်ထွက်လာမှသာလျှင် ပြည်သူ အားလုံးပါဝင်လာမှာဖြစ်ပြီး သဘော ထားကွဲလွဲမှုတွေ၊ အယူဝါဒကွဲလွဲမှုတွေ ပျောက်ကွယ်သွားမှာပါ။
အခုဖြစ်နေတာကိုကြည့်မယ်ဆိုရင် နအဖစစ်အစိုးရအနေနဲ့ ပြည်သူ့သဘောထားအစစ်အမှန်ကို သိပေ မယ့် ကိုယ်လုပ်ချင်ရာ လုပ်နေပြီး ဒီမိုကရေစီဘက်တော်သားတွေကလည်း တိုင်းသူပြည်သားတွေရဲ့ အဓိက လို အပ်ချက်ကို သိပေမယ့်လည်း ဒီမိုကရေစီရရှိရေးကိုသာ ဦးတည်နေကြတယ်။ တကယ်တမ်းသာ ပြည်သူတွေရဲ့ လိုလားချက်အစစ်အမှန်ကို သိနားလည်မှသာလျှင် သူတို့တွေကို စည်းရုံးနိုင်မှာဖြစ်ပြီး တဆင့်ထက်တဆင့်တက် ပြီး ဒီမိုကရေစီလမ်းကြောင်းကို ဦးတည်ရမှာဖြစ်တယ်။
အစစ အရာရာနိမ့်ကျနေတဲ့ပုံစံမျိုးနဲ့တော့ ဒီမိုကရေစီရရှိမှာကိုလည်း ပြည်သူတွေအနေနဲ့ စိတ်ဝင်စား မှာ မဟုတ်ဘူးလို့ ထင်ပါတယ်။ အူမတောင့်မှ သီလစောင့်နိုင်သလို ကိုယ့်ရဲ့ အသက်ခန္ဓာတည်မြဲစေဖို့အတွက် ၀မ်းဝမှသာလျှင် ကျန်တဲ့အလုပ်ကို ဆက်လုပ်နိုင်မှာပါ။ ဒီမိုကရေစီဆိုတာထက် ဒီကနေ့ဖြစ်ပျက်နေတဲ့ စားဝတ် နေရေးမှာ စိတ်ရောက်နေတဲ့အတွက် နအဖစစ်အစိုးရသွားချင်တဲ့ ဒီမိုကရေစိဖြစ်ထွန်းရေးကို လိုက်နိုင်မှာမဟုတ် သလို ဒီမိုကရေစီဘက်တော်သားတွေ တောင်းဆိုနေတဲ့ ဒီမိုကရေစီရရှိရေးဆိုတာကိုလည်း စိတ်ဝင်စားမှာ မဟုတ်ပါဘူး။
ပြောစရာရှိတာက ထမင်းစားနေရရင် ကျေနပ်ပြီလားလို့ ပြန်မေးကောင်း မေးနိုင်ပါတယ်။ ဒီလိုသဘော မျိုးမဟုတ်ပေမယ့် အခုလက်ရှိဖြစ်နေတဲ့ ဒုက္ခကိုမှ မကျော်နိုင်ရင်ဖြင့် နောက်ဒုက္ခတခုကို ကျော်နိုင်ဖို့ဆိုတာ မလွယ်ဘူးဆိုတဲ့သဘောမျိုးပါ။
ခုနက တင်ပြသလို ဗိုလ်ချုပ်အောင်ဆန်းက တကယ့်လွတ်လပ်ရေးအတွက် ကြိုးပမ်းတာကို သိလို့ တိုင်းသူပြည်သားတွေက နောက်က ပါလာရသလို တကယ်တမ်းသာ ဒီမိုကရေစီရေးအတွက်၊ ပြည်သူ့အတွက် ဆိုတာ သိမယ်ဆိုရင်ဖြင့် ပြည်သူတွေ လိုက်လာမှာပါ။ ဒါပေမဲ့ ကြုံတွေ့နေရတဲ့ ဆင်းရဲဒုက္ခကိုဖြင့် ဘယ်လိုမျိုး ဖြေရှင်းပေးမယ်ဆိုတာကို ယုံကြည်လာအောင်၊ စိတ်ပါလာအောင်၊ တတ်ကြွလာအောင် ပြောဆိုနိုင်ပြီး တကယ် လဲ လက်တွေ့လုပ်ပြမယ်ဆိုရင်ဖြင့် ပြည်သူတွေက မနေကြပါဘူးဆိုတာ စက်တင်ဘာ ရွှေဝါရောင်တော်လှန် ရေးက သက်သေထူပြပါလိမ့်မယ်။
Posted: May 29th, 2009








